ရန်ကုန်၊ မေလ ၁၆ ရက်၂၀၁၇
မိုးရာသီကာလဖြစ်သော်လည်း ချောင်းသာကမ်းခြေရှိဟိုတယ် အများစုပိတ်ထားခြင်းမရှိဘဲ ခရီးသွားများလာရောက်အပန်းဖြေနိုင်ရန်အတွက် ပုံမှန်အတိုင်းဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပြင်သစ်အခြေစိုက်အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှုဝက်ဆိုက်ဒ် Jovago.com.mm မှသတင်းထုတ်ပြန်သည်။
ယခုနှစ်တွင်း ချောင်းသာကမ်းခြေရှိ ဟိုတယ် ၉၀ ရာခိုင်နှုန်း၊ ငွေဆောင်ကမ်းခြေရှိ ဟိုတယ် ၇၀ ရာခိုင်နှုန်း၊ ငပလီကမ်းခြေရှိဟိုတယ် ၅၀ ရာခိုင်နှုန်းခန့်မှာ မိုးရာသီကာလအတွင်း ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါကမိုးရာသီတွင်ကမ်းခြေဟိုတယ်များ ပိုမိုဖွင့်လှစ် လာရန်ရှိကြောင်း သိရသည်။
“ ဒီနှစ်မိုးရာသီမှာ ချောင်းသာကမ်းခြေကတော့ ဟိုတယ်အများစုဖွင့်ပါတယ်။ ငွေဆောင်ဆိုရင်တော့ ဟိုတယ်ရာခိုင်နှုန်း ၃၀ လောက်ကပိတ်တယ်။ အရင်နှစ်ထက်စာရင် ဒီနှစ်မိုးတွင်းဖွင့်တဲ့ ဟိုတယ် တွေပိုများလာပါတယ်။ ဥပမာ-ငွေဆောင်ဆိုရင် Sea view မဟုတ်ရင်တောင် Garden view အခန်းတွေဖွင့်ပေးထားကြပါတယ်။အခုဆိုရင်အခန်းဈေးတွေလည်းချထားပါတယ်။ ဇွန်လရောက် ရင် အခန်းဈေးတွေ ပိုပြီး သက်သာမယ် ” ဟု Jovago Myanmar၏ Business Development Manager ဖြစ်သူ Mr.Grigorios Ntarnaltanis က ပြောကြားသည်။
သို့ရာတွင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေရှိဟိုတယ်အများစု ဖွင့်သော်လည်း ငပလီကမ်းခြေရှိ ဟိုတယ်များမှာ မေလကတည်းက စတင်ပိတ်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။ မိုးရာသီဖြစ် သည့်အတွက် ကမ်းခြေများရှိဟိုတယ်အခန်းဈေးနှုန်းများမှာလည်း လျှော့ချလျှက်ရှိပြီး Jovago နှင့် ချိတ်ဆက်ထားသည့် ချောင်းသာကမ်းခြေရှိဟိုတယ်များတွင် အများဆုံး ၃၀ ရာခိုင်နှုန်းအထိ လည်းကောင်း၊ ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များတွင် အများဆုံး ၄၀ ရာခိုင်နှုန်းအထိလည်း ကောင်း၊ ငပလီကမ်းခြေရှိဟိုတယ်များတွင် ၅၀ ရာခိုင်နှုန်းအထိလည်းကောင်းအသီးသီးလျှော့ ဈေးများဖြင့် ယခုလအတွင်း တည်းခိုနိုင်မည်ဖြစ်ကြောင်း သိရ သည်။
Jovago.com.mm ၀က်ဆိုက်သည် မြန်မာနိုင်ငံရှိ ဟိုတယ်ပေါင်း ၉၀၀ ကျော်နှင့် ချိတ်ဆက်ထားပြီး ချောင်းသာ၊ ငွေဆောင်နှင့်ငပလီကမ်းခြေတို့မှ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းပေါင်းများစွာ နှင့်လည်း ချိတ်ဆက်အလုပ်လုပ်ကိုင်လျှက်ရှိသည်။